Music Theory အပိုင်း(၁) အခန်း(၄)

 

Music Theory အပိုင်း(၁) အခန်း(၄)
==========================
Sharp(#)တွေ၊ Flat (b) တွေဟာ ဘာတွေလဲ?
ကျနော်တို့ ပြီးခဲ့တဲ့ အပိုင်း(၁) အခန်း (၃)မှာ
ဒို,ရေ,မီ,ဖာ အကြောင်းကို အကြမ်းဖျဉ်းလေး
မိတ်ဆက်ပေးပြီးခဲ့ပါပြီ။ယခုလေ့လာမှုအနေနဲ့
Sharp(#), Flat(b) တွေ အကြောင်းကို
ဆက်ဆွေးနွေးကြရအောင်ဗျာ...
ကျနော့်မိတ်ဆွေများ ခလေးဘဝက A,B,C,D သင်ဖူးကြမှာပါ။"A" ကနေ "Z" အထိကို Alphabet ၂၆ခု ရှိပါတယ်။
ဒါပေမယ့် ဂီတနဲ့ ပတ်သတ်လို့က
တော့ "A,B,C,D,E,F,G" ၇ ခုပဲရှိပါတယ်။
အဲဒီ့ ၇ ခုကပဲ ကမ္ဘာကြီးကို သိမ်းပိုက်သွား
တာပါ။
နောက်တစ်ခုက Music Theory လေ့လာတဲ့
အခါမှာ စန္ဒယား(piano) ရဲ့ fingerboard
ဟာ Mucic Theory လေ့လာမယ့်လူတစ်
ယောက်အတွက် အလွယ်ကူဆုံး အရှင်းလင်း
ဆုံးပုံစံပါ။ဘာကြောင့်လဲဆိုတော့ စန္ဒယားရဲ့
Fingerboard ဟာ တီးတဲ့လူရဲ့ မျက်စိရှေ့
တည့်တည့်မှာပင် ရှိနေတာကတစ်ကြောင်း၊
Diatonic နဲ့ Chromatic scale ကို အကွာ
အဝေးတူညီစွာ အဖြူရောင် အမဲရောင် ခလုပ်
များနဲ့ စနစ်တကျစီစဉ်ထားတာက တစ်ကြောင်း
ကြောင့်ပါ။ဒါကြောင့် စန္ဒယားပေါ်ကို
ကြွက်တစ်ကောင်ဖြတ်ပြေးရင်တောင်
မတီးတတ်တဲ့လူ တီးတာထက် တခါတလေ
နားထောင်ကောင်းနေတတ်ပါတယ်။
အဲဒါကြောင့်ပဲ စတင်လေ့လာသူတွေကို
ဥပမာပေး ရှင်းပြတဲ့နေရာမှာ စန္ဒယားရဲ့
Fingerboard ကိုအခြေခံပြီးရှင်းပြနေရတာပါ။
(ကျနော်လည်း စန္ဒယားသမားမဟုတ်ပါ...)
ဒါကြောင့် Music Theory ကိုလေ့လာချင်တဲ့
မိတ်ဆွေများအနေနဲ့ စန္ဒယားကြီးတစ်လုံးလုံး
မပိုင်ဆိုင်ရင်တောင် အသံထွက်မှန်တဲ့ ကလေး
ကစားစရာ Keyboard လေးတစ်လုံးလောက်
မရှိမဖြစ် လိုအပ်ပါတယ်။(မဝယ်နိုင်သေးရင်တော့
အောက်ကပေးထားတဲ့ ပုံလေးကြည့်လိုက်
စာလေးဖတ်လိုက် လုပ်ကြည့်ကြပေါ့ဗျာ)
Music Theory နားလည်သွားတော့မှ...
ဂစ်တာချင်လဲ တာ နိုင်ကြပါတယ်...
ကီးဘုတ်ချင်လဲ ဘုတ် နိုင်ကြပါတယ်...
တယောချင်လဲ ယော နိုင်ကြပါတယ် ခင်ဗျ...
ကဲ...ကျနော်တို့ သင်ခန်းစာဆီ ပြန်သွားရအောင်...
အဲဒီ့တော့ ပထမဦးဆုံးကျနော်တို့စန္ဒယား
တစ်ခုမှာ "C" သို့မဟုတ် "ဒို"ဆိုတဲ့ Note ကို
အရင်လိုက်ရှာကြည့်ကြရအောင်...
စန္ဒယားတစ်လုံးရဲ့ Fingerboard ကိုကြည့်ရင်
အမဲရောင် ခလုပ်တွေနဲ့ အဖြူရောင်
ခလုပ်တွေကို တွေ့ရပါလိမ့်မယ်။အဲဒီ့ထဲက အမဲရောင် ခလုပ်တွေကို ကြည့်လိုက်ရင်...
အမဲရောင်ခလုပ်လေးတွေ ၂ခုတွဲ၊ ပြီးရင်၃ခုတွဲ၊
ပြီးရင်ဆက်ပြီး ၂ခုတွဲ၊ ပြီးရင်၃ခုတွဲ အဲဒီ့လို
အစဉ်လိုက်တွေ့နိုင်ပါတယ်။အဲဒီ့ထဲက
အမဲရောင် ၂ခုတွဲရဲ့ ရှေ့ကပ်ရပ်က အဖြူရောင်ခလုပ်လေးဟာ "C" note ပါ။
တနည်းအားဖြင့် "ဒို"ပေါ့။
( "C" ကိုတွေ့ပြီဆိုရင် ယခုချိန်ကစလို့ အမဲရောင်
ခလုပ်တွေကို ခနလောက် မေ့ထားပြီး
အဖြူရောင်ခလုပ်တွေကိုပဲ ကြည့်ကြပါ)
အဲဒီ့"C"အဖြူရောင်ခလုပ်ကနေ သူ့ညာဘက်
ကပ်ရပ် အဖြူရောင်ခလုပ်သည် "D"ပါ။
တနည်းအားဖြင့် "ရေ" ပေါ့ဗျ။
ပြီးရင်"D"ရဲ့ ညာဘက်ကပ်ရပ်အဖြူရောင်ဟာ
"E" ...ပြီးရင်ကပ်ရပ်အဖြူရောင်ခလုပ်တွေကို အစဉ်အတိုင်း ဆက်တီးရင်"F", "G", "A", "B"
ပြီးရင်တော့ "C"ပဲ ပြန်လာပါတယ်။
အဲဒီ့ပြန်ရောက်လာတဲ့ "C" note ဟာ
ပထမစတီးလိုက်တဲ့ "C" note နဲ့အသံတူတူပါပဲ။
ဒါပေမယ့် pitch ကတော့ High pitch ဖြစ်သွားပါပြီ။
အဲဒီ့လို အမဲရောင် ခလုပ်တွေကို ကျော်ပြီး
အဖြူရောင်ခလုပ်တွေချည်းပဲ "C" ကစတီးလို့
"C"မှာပြန်ဆုံးသွားတဲ့အထိ အသံတွေဟာ
Diatonic scale ပေါ့ဗျာ။
"ဟာဗျာ...ကျနော်ကတော့ အဖြူရောင်ခလုပ်
တွေကို "C" ကစမတီးပဲ "A" ကနေစတီးပြီး
"A" မှာဆုံးရင်ကော Diatonic scale
မရဘူးလားဗျ..."လို့ မေးချင်ကြမှာပေါ့...နော်။
"မရပါဘူး..."လို့ပဲဖြေပါရစေ။
လောလောဆယ်တော့ မလုပ်ကြပါနဲ့ဦး...
ခုမှ ပန်းတိမ်သင်နေလို့ပါ...
နောက်မှ ကျနော်နဲ့အတူ ရွှေသွားခိုးကြတာပေါ့။
Sharp(#) တွေ၊ Flat(b) တွေဆိုတာကတော့
လောလောဆယ်အလွယ်မှတ်သားရရင်...
*Note တစ်ခုကို သူ့မူလနေရာကနေ ဘယ်ဘက်ကပ်ရပ်ကို ရွှေ့တီးလိုက်ရင်
Flat ပါ။ Flat ရဲ့ သင်္ကေတကို (b) နဲ့ပြ
ပါတယ်။
*Note တစ်ခုကို သူ့မူလနေရာကနေ ညာဘက်ကပ်ရပ်ကို ရွှေ့တီးလိုက်ရင်
Sharp ပါ။Sharp ရဲ့ သင်္ကေတကို (#) နဲ့ပြ
ပါတယ်။
{အဲဒီ့ Sharp(#)တွေ၊ Flat(b)တွေကို Musical
terms အနေနဲ့ (Accidental) လို့ခေါ်ပါတယ်}
ဥပမာ... Guitar ရဲ့ နံပါတ် ၅ အကွက်က
A chord အကြီးကိုကိုင်ပြီး သူ့ဘယ်ဘက်ကပ်ရပ် ၄ အကွက်ကို အဲဒီ့အတိုင်း ရွှေ့တီးလိုက်ရင်
A flat (Ab) Chord ဖြစ်သွားတာပေါ့။
အဲဒီ့အတိုင်း ၅အကွက် A chord အကြီးကနေ
သူ့ညာဘက်ကပ်ရပ် ၆ အကွက်ကို ရွှေ့တီးရင်
A sharp (A#) Chordဖြစ်သွားတာပေါ့။
တနည်းအားဖြင့် ဘယ်လို Chord,
ဘယ်လို Notes တွေပဲတီးတီး
ဘယ်ဘက်ကပ်ရပ် note သည် flat(b),
ညာဘက်ကပ်ရပ် note သည် Sharp(#) အဲဒီလို
လောလောဆယ်မှတ်ထားပေးပါ။
* အထူးသတိထားရမှာ နှစ်ခုတော့ရှိပါတယ်*
==============================
အဲဒါကတော့ B နဲ့ C အတွဲ...
နောက်တစ်ခုက E နဲ့ F အတွဲပါ...ဘာကြောင့်လဲ
ဆိုတာ အခုရှင်းပြပါ့မယ်။
(ကဲ...ဒီတစ်ခါ အဖြူရောင်ခလုပ်တွေကော၊
အမဲရောင်ခလုပ်တွေကောကို ကြည့်ကြရအောင်)
မိတ်ဆွေတို့ စန္ဒယားခလုပ်တွေရဲ့ "C" ဆိုတဲ့ အဖြူရောင်ခလုပ်ကနေ "D" ဆိုတဲ့
အဖြူရောင်ခလုပ်ကြားမှာ အမဲရောင်ခလုပ်
တစ်ခု ရှိနေပါတယ်...
အဲဒါသည် "C" ရဲ့ နောက် ညာဘက်မှာကပ်ရပ်
ရှိနေတဲ့အတွက် "C#"ပါ။{ညာဘက်ကပ်ရပ်သည်
Sharp (#) လို့ ပြောထားတာကိုး...}
ပြီးမှ သူ့ကပ်ရပ်အဖြူရောင်ခလုပ်က"D"ပါ...
အဲဒီ့"D"နဲ့ "E" ကြားမှာ နောက်ထပ်အမဲရောင်
ခလုပ်တစ်ခုထပ်တွေ့ပြန်ပါတယ်...အဲဒီ့တော့
အဲဒါသည် "D#"ပေါ့ဗျာ။
ဒါပေမယ့် "E"နဲ့ "F" နဲ့ ကြားကျတော့ ဘာအမဲရောင်ခလုပ်မှ မရှိတော့ပါဘူး...
သူတို့ကြားမှာ ဘာ Sharp, Flat မှ မရှိဘူး
( ဒါကြောင့် "E" နဲ့ "F" ကို သတိထားဖို့ ကြို
ပြောခဲ့တာပါ...)
အဲဒီ့အတိုင်း ဘယ်မှညာအစဉ်တိုင်းထပ်သွားရရင်
"F" နဲ့ "G"ကြားက အမဲရောင်သည် "F#",
ပြီးရင် "G"နဲ့ "A"ကြားက အမဲရောင်သည် "G#",
ပြီးရင် "A" နဲ့ "B"ကြားက အမဲရောင်သည် "A#",
ပြီးရင်..."B" နဲ့ "C" ကြားမှာ ဘာအမဲရောင်ခလုပ်မှ
မရှိတော့ပြန်ပါဘူး...အဲဒီတော့ "B" နဲ့ "C" ကြား
မှာလဲ ဘာ Sharp, Flat မှ မရှိဘူး...
(ဒါကြောင့်"B"နဲ့ "C"အတွဲ, "E" နဲ့ "F" အတွဲ တို့ကို သတိထားဖို့ ကြိုပြောခဲ့တာပါ...။)
ဒါက စာဖတ်သလို ဘယ်ကနေ ညာကိုသွားလိုက်
တာပါ...ဒီတစ်ခါ ညာကနေ ဘယ်ကိုပြန်သွား
ကြည့်ရအောင်...
ခုကျနော်တို့ နောက်ဆုံးရောက်နေတဲ့ "C" ကနေ
ဘယ်ဘက်ကိုနောက်ပြန် ပြန်သွားရင် "C"ရဲ့
ဘယ်ဘက်ကပ်ရပ်သည် "B" ပါ...
ဘာကြောင့်လဲဆိုတော့..."C" နဲ့ "B"
ကြားမှာ အမဲရောင်ခလုပ် မရှိလို့ပါ...
ပြီးရင် "B" နဲ့ "A"ကြားက အမဲရောင်ခလုပ်သည်
"Bb"ပါ။ {ဘယ်ဘက်ကပ်ရပ်သည် Flat(b)လို့
ပြောထားတာကိုး...}
အဲလိုညာကနေဘယ်ကိုဆက်သွားရင်
"A"နဲ့"G" ကြားကအမဲရောင်သည် "Ab"
"G"နဲ့ "F" ကြားကအမဲရောင်သည် "Gb"
"F"နဲ့ "E" ကြားမှာ အမဲရောင်ခလုပ်မရှိပါ...
"E"နဲ့ "D" ကြားကအမဲရောင်သည် "Eb"
"D"နဲ့ "C" ကြားကအမဲရောင်သည် "Db" ပေါ့ဗျာ...
ရီစရာတော့ကောင်းတယ်နော်...
ဘယ်ကညာကို စတွက်တော့ "C"နဲ့"D" ကြားက
အမဲရောင်သည် "C#"...
ညာကဘယ်ကို ပြန်တွက်တော့ "D"နဲ့ "C"ကြားက
အမဲရောင်သည် "Db"...
အတူတူပဲမဟုတ်ဖူးလားဗျ...
နေရာလဲ တူတူပဲ အသံလဲတူတူပဲ...
စဖတ်တဲ့ နေရာကို မူတည်ပြီး
အခေါ်ဝေါ်ပဲပြောင်းသွားတာလေ....
အဲဒီ့လိုပဲ ဘယ်ကညာ "D" နဲ့ "E" ကြားက အမဲရောင်သည် "D#"...
ညာကဘယ် "E" နဲ့ "D"ကြားဆို "Eb"...
"D#" နဲ့ "Eb" အသံလဲတူတယ် နေရာလဲတူတယ်...
အဲဒီ့လို အသံလဲတူ နေရာလဲတူပြီး အဓိပ္ပာယ် ၂မျိုး ကောက်လို့ရတဲ့ Notes တွေကို
"Enharmonic "လို့ခေါ်ပါတယ်။
Enhermonic နေရာတွေကို လိုက်တွက်ပြီး ဒီလိုလေး စုစည်းလိုက်မယ်ဗျာ...
C# = Db တနည်းအားဖြင့် (C#/Db)
D# = Eb တနည်းအားဖြင့် (D#/Eb)
F# = Gb တနည်းအားဖြင့် (F#/Gb)
G# = Ab တနည်းအားဖြင့် (G#/Ab)
A# = Bb တနည်းအားဖြင့် (A#/Bb)
စသည်ဖြင့် ၅ခု ရပါတယ်။ အဲဒီ့ ၅ခုဟာ
အရင်ကပြောခဲ့တဲ့ စန္ဒယားပေါ်က အမဲရောင်
ခလုပ် ၂ခုတွဲနဲ့ ၃ခုတွဲပေါ့ ။ ပေါင်းလိုက်တော့
၅ခု မနေလားဗျ။
Diatonic scale က "C,D,E,F,G,A,B" အသံ ၇ခု
ရှိတယ်။
အဲဒီ့ ၇ခု ကို အပေါ်က ၅ခုထပ်ပေါင်းလိုက်တော့
" C , (C#/Db) , D , (D#/Eb) , E , F ,
(F#,Gb) , G , (G#/Ab) , A , (A#/Bb) , B "
အဲဒီလို ၁၂ခု မရဘူးလား။အဲဒီ အသံ ၁၂ခုဟာ
Chromatic scale လို့ ခေါ်တာပေါ့။
အဲဒါသိပြီဆို Octave အကြောင်းပြောလို့ရပါပြီ။
(ခဏနေရင် Octave တွေ Interval တွေနဲ့အတူ
ကျနော်ပြန်လာခဲ့ပါ့မယ်...)
Nay Lin Aung
===========
(တတ်သလောက် မှတ်သလောက်)
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment