Music Theory အပိုင်း( ၂ )၊ အခန်း( ၇ )

 


Music Theory အပိုင်း( ၂ )၊ အခန်း( ၇ )...
💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖
🎵... Emotion of music...(နှလုံးသားနှင့် ဂီတ)
😆😄😃☺😊🙂😏😒😞😔😟😵😳🙄😬😩
🙏...အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ...
ပြီးခဲ့တဲ့ အခန်း( ၆ )မှာ... Degree နဲ့ Interval
တွေအကြောင်းကို ကျနော်တို့ဆွေးနွေးခဲ့ကြပါတယ်...။
အခုတစ်ခါ ကျနော်တင်​ပြမှာကတော့ အဲ့ဒီ့ Degree တွေရဲ့ Function တွေအပြင် သူတို့နဲ့ စိတ်ခံစားမှုတွေရဲ့ ဆက်သွယ်ချက်ကို ကျနော်လေ့လာမိသလောက်ကလေး တင်ပြဆွေးနွေးသွားမှာပါ။
ကျနော်တို့လူသားတွေဟာ စိတ်ခံစားမှုအရ တေးသီချင်းတွေ သီဆိုကြ၊ ရေးသားကြ၊ တူရိယာတွေ တီးခတ်ကြနဲ့ လုပ်လာခဲ့ကြတာဟာ...လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းကပါ...။
တေးသွားအလိုက် ပျော်စရာ၊ လွမ်းစရာ၊ တက်ကြွစရာ၊
ခံပြင်းစရာ၊ ဝမ်းနည်းစရာ စသည်ဖြင့် စိတ်ခံစားမှု မျိုးစုံကို ဂီတသံများနဲ့ ပုံဖော်ဖန်တီးခဲ့ကြပြီး တကိုယ်ရေ စိတ်ဖြေသိမ့်မှုအရ လည်းကောင်း၊ ပရိတ်သတ်ကိုဖျော်ဖြေမှုအရ လည်းကောင်း ပုံသဏ္ဍာန်မျိုးစုံ တီထွင်ဆန်းသစ်လာခဲ့ကြတာ ယနေ့ထက်တိုင်ပါပဲခင်ဗျ...။
ဒါပေမယ့် ဂီတသံ Interval တွေရဲ့ Emotional charactor ကို မလေ့လာထားပဲ ခံစားမှုအရ တေးသွားတွေဖန်တီးကြတဲ့အခါမှာ...တခါတလေ ကိုယ်ရေးချင်တာက အလွမ်းသံစဥ်...၊ တကယ်တမ်းထွက်လာတာက
ဂျွမ်းထိုးပြီး ထပဲကရတော့မလိုလို ပျော်စရာသံစဥ်တွေ သူ့အလိုလို ဖြစ်သွားတတ်ကြပါတယ်...။
အဲဒါ ဘာကြောင့်လဲ...?
ဥပမာ တစ်ခုပြောရရင်...ကျနော်တို့ ငယ်ငယ်ကကြိုက်ခဲ့ကြတဲ့ ...Bon Jovi ရဲ့ "Never say goodbye" သီချင်းမှာဆိုရင် Guitar သမား "Richie sambora" ဟာ တစ်ဘားကိုမှ note ၃ လုံး၊၄ လုံးလောက်ပဲတီးပြီး သီချင်းရဲ့ Themes ကို ဖန်တီးယူသွားတာ အင်္ဂလိပ်စကားနားမလည်တဲ့ ပရိတ်သတ်တွေတောင် ခံစားရလွန်းလို့ Shock ရပြီး ဆေးရုံပို့ရတဲ့ လူတောင်ရှိခဲ့ပါတယ်...။ Emotion of music ဆိုတာ အဲဒါပါပဲ...။
ဒါကြောင့်...Emotion of music ဟာ မလေ့လာထားလို့မဖြစ်တဲ့ အထဲမှာ ထိပ်ဆုံးကအခန်းကဏ္ဍတစ်ခုပါ...။
ဂီတဟာ ခံစားမှုနဲ့ လုပ်တဲ့အလုပ်ဆိုရင်...ဂီတနဲ့ ခံစားမှုရဲ့ ဆက်သွယ်ချက်ကလေးတွေကိုတော့ လေ့လာထားသင့်တာပေါ့ဗျာ...။
ဆရာကြီးအဆင့် ကျနော်သိလို့မဟုတ်ပါဘူးနော်...။
ဗဟုသုတ အနေနဲ့ မိတ်ဆက်ပေးတယ်လို့ပဲ သဘောထားကြပါခင်ဗျာ...။
ကဲ...စလိုက်ကြရအောင်ဗျာ...
ကျနော် ပြီးခဲ့တဲ့ အခန်း(၆) မှာဖော်ပြခဲတဲ့ Degree နဲ့
သူတို့ရဲ့ Name တွေကို Key "C" အနေနဲ့
ပြန်ဖော်ပြရရင်...
Note. Degree Name
===== ======= ======
1. C First(root) Tonic
2. D Second Supertonic
3. E Third Mediant
4. F Fourth Subdominant
5. G Fifth Dominant
6. A Sixth Submedient
7. B Seventh Leading tone
8. C Eight(octave) Tonic
ဟုတ်ပါတယ်နော်...မမှတ်မိရင်တော့ အပိုင်း( ၂) အခန်း(၆) မှာ ပြန်လေ့လာလို့ရပါတယ်...။
အဲဒါဆို Degree name တွေနဲ့ သူတို့ရဲ့ Function တွေကို တစ်ခုချင်းကျနော်သိသလောက် ရှင်းပြပါမယ်။
Tonic
*********
Tonic ဆိုတာကတော့ Scale တစ်ခုခုရဲ့ ပထမဦးဆုံး
Note ကိုခေါ်တာပါ...။ "C" Major scale မှာဆိုရင်
"C" ဟာ Tonic ပါ...။ "Ab" Major scale မှာဆိုရင်
"Ab" ဟာ Tonic ပါ...။
Tonic ဟာ Scale တစ်ခုရဲ့ main note ​ဖြစ်သလို
"Key note" လို့လဲ ခေါ်ကြပါတယ်...။
တူရိယာတွေတီးခတ်ကြတဲ့အခါဖြစ်ဖြစ်၊ သီချင်းတစ်​ပုဒ်ကို Chords တွေထည့်တဲ့အခါမှာပဲဖြစ်ဖြစ် Key မသိရင် ဘာမှဆက်လုပ်ရတော့ပါဘူးခင်ဗျ...။ အဲဒီ့ Key ဆိုတဲ့ အရာဟာ...Tonic ပဲပေါ့ဗျာ...။
Tonic ကို သီချင်းတစ်ပုဒ်ရဲ့ "Home note" လို့လဲခေါ်ကြပါတယ်...။ Home note ဆိုတဲ့အတိုင်း တကယ့်ကို
နားခိုအိပ်စက်ရာ အိမ်ဖြစ်နေလို့ပါ။အိမ်ဆိုတဲ့အတိုင်း
စတင်ထွက်ခွာရာနေရာ (သို့မဟုတ်) ပြန်လည်ဆိုက်ရောက်နားခိုရာ နေရာလေးပေါ့...။
တချို့ဝါသနာရှင်တွေအမေးများတဲ့...
သီချင်းတစ်ပုဒ်ကိုနားထောင်ရင် Key ကို ဘယ်လို
ရှာရတာလဲ...ဆိုတဲ့မေးခွန်း၊
လက်ရှိနားထောင်နေတဲ့ သီချင်းတစ်ပုဒ်ကို Lead အလုံးတွေ ဘယ်ကဘယ်လို လိုက်တီးရလဲ...ဆိုတဲ့မေးခွန်း၊
သီချင်းတစ်ပုဒ်ကိုနားထောင်ပြီး ဘာ Key နဲ့တီးတာလဲ
ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေဟာ..."Tonic" ပါပဲခင်ဗျ...။
သီချင်းတစ်ပုဒ်မှာ Tonic ကို ဘယ်လိုရှာရလဲဆိုတာကို
အလွယ်ဆုံးဖြေကြားရရင်...သီချင်းတစ်ပုဒ်လုံးရဲ့ အဆုံးသံ
သို့မဟုတ် တေးသွားပိုဒ် တစ်ပိုဒ်ရဲ့ အဆုံးသံ၊ အချသံဟာ
Tonic note ပါပဲခင်ဗျာ...။
ဥပမာအနေနဲ့ ကျနော်တို့ ငယ်ငယ်ကဆိုခဲ့တဲ့
"ကမ္ဘာမကျေ" သီချင်းလေးကို ပြန်ကြည့်လိုက်ရင်
သီချင်းအဆုံးပိုဒ်မှာ...
" ညီညာစွာ ဒို့တစ်တွေ
ထမ်းဆောင်ပါစို့လေ...
ဒို့တာဝန်ကျေ
အဖိုးတန်...မြေ "
အဲဒါတော့သိကြပါတယ်နော်...။
အဲဒီ့မှာနောက်ဆုံးက "မြေ " ဆိုတဲ့နေရာဟာ Tonic ပါ။
အဲဒီ့ "မြေ" ဆိုတဲ့ အချသံ မပါပဲ..." အဖိုးတန် " ဆိုတဲ့
စာသားမှာပဲ ရပ်ထားလိုက်တယ်ဆိုရင်...သီချင်းပြီးဆုံးပြီလို့ ပြောလို့မရပါဘူးခင်ဗျ။ မယုံရင် ကိုယ်တိုင်ဆိုကြည့်ကြပါ...။
အဲဒီ့ "အဖိုးတန်" ဆိုတဲ့ နေရာဟာ သီချင်းရဲ့ tension အမြင့်ဆုံးနေရာပါ။ Tension ဆိုတာက အထွဋ်အထိပ်
ရောက်နေတဲ့ သဘောပေါ့ဗျာ။ ဥပမာ...သားရေကွင်းကို
လက်၂ဖက်နဲ့ ပြတ်ခါနီးတဲတဲလေးအထိ ဆွဲထားသလိုပါပဲ။ သားရေကွင်းကို လွှတ်ချလိုက်မှသာ tension ကုန်သွားမှာပါ။ အဲဒီ့လို tension ကိုလွှတ်ချဖို့ "Tonic" သံ
ဖြစ်တဲ့ "မြေ" ဆိုတဲ့ အသံလေးကို ထည့်လိုက်တာပါ...။
အိမ်ကစထွက်ပြီး သွားချင်တဲ့နေရာကိုသွား၊ လည်ချင်တဲ့နေရာကိုလည်၊ နောက်ဆုံးတော့ Key note ဖြစ်တဲ့ Tonic ဆိုတဲ့ အိမ်ကိုပဲ ပြန်လာရတယ်ဆိုတဲ့ သဘောပါ။
Tonic note ဟာ...ကျောင်းမှာ ဆရာမက ကိုယ်မရတဲ့စာတွေ အလွတ်ဆိုခိုင်းနေတုန်းမှာ ကျောင်းလွှတ်ခေါင်းလောင်း ထိုးသံကြားလိုက်သလို ပေါ့ပါးလွတ်လပ်သွားတဲ့ ခံစားချက်မျိုးကို ပေးစွမ်းတဲ့အပြင်...
ချောမွေ့ ခြင်း၊ ငြိမ်းချမ်းခြင်း၊ အပြုသဘောဆောင်ခြင်း၊
အင်အားကြီးခြင်း စတဲ့ခံစားမှုများကိုလဲပေးစွမ်းပါတယ်။
အဲဒီ့ Tonic သံဟာ...သီချင်းအဆုံးမှာ C နဲ့ဆုံးရင်
C key ပေါ့ဗျာ...။ Ab နဲ့ဆုံးရင် Ab key ပေါ့ဗျာ...။
=========//==========
Supertonic
*************
Super ဆိုတာက အင်္ဂလိပ်လိုဆိုရင်တော့ သာလွန်သော၊
ကျော်လွန်သောလို့ အဓိပ္ပါယ်​ဖွင့်လို့ ရပါတယ်...။
အဲဒီ့တော့...Supertonic ဆိုတာဟာ Tonic ကို
ကျော်လွန်သွားတဲ့ note ... တနည်းအားဖြင့် Tonic ပြီးရင် လာတဲ့ note ပေါ့ဗျာ...။
Major scale ရဲ့ ဒုတိယမြောက် Degree ပါ။
Note အနေနဲ့ပြောမယ်ဆိုရင်...
C Major scale မှာ supertonic သည် "D"
A Major scale မှာ supertonic သည် "B" ပါခင်ဗျ..
Chord တွေအနေနဲ့ပြောမယ်ဆိုရင်တော့...
C key မှာဆိုရင် supertonic ဟာ "Dm"
A key မှာဆိုရင် supertonic ဟာ "Bm" ပါခင်ဗျ...
Supertonic ရဲ့ feeling ကတော့ လက်ရှိခံစားနေရတဲ့
စီးမျောမှုကို အချိန်အတိုင်းအတာတစ်ခုထိ ဆွဲဆန့်ထားသလို ခံစားချက်မျိုး ပေးစွမ်းပါတယ်...။
နောက်တစ်ခုက pre-dominant အလုပ်ကိုလဲလုပ်ပါသေးတယ်.. ။ Pre ဆိုတာက "မတိုင်ခင်" "အကြို" စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ရမှာပေါ့ဗျ...။ မူကြိုကျောင်းကို
Preschool လို့ ခေါ်သလိုပေါ့...။
Pre-dominant ဆိုတာက...C key အနေနဲ့ ဥပမာပေးရရင် C ကနေ၅ခုမြောက် Chord ဖြစ်တဲ့ "G" chord ဟာ...Dominant ပါ။
Supertonic ဖြစ်တဲ့ "Dm" chord ဟာ Dominant chord ဖြစ်တဲ့ "G" chord မလာခင်.. ရှေ့ကခံစားမှုကို
အချိန်တစ်ခုအထိ ဆွဲဆန့်ပေးထားပြီး Dominant ဖြစ်တဲ့ "G" chord နဲ့ ပေါင်းကူးဆက်သွယ်ပေးတဲ့အတွက်
Supertonic ကို Pre-dominant လို့လဲခေါ်ပါတယ်။
==========//=========
Mediant
**********
Mediant ကတော့ Major scale ရဲ့ တတိယမြောက်
Degree ပါ...။
"C" key အနေနဲ့ ဆိုရင် "E" note ပေါ့ဗျာ...။
Chord အနေနဲ့တော့ "Em" ပါ...။
Mediant ဆိုတာကတော့ Latin ဘာသာစကားအရ
middle (အလယ်) လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတာပါ...။
Tonic နဲ့ Dominant ရဲ့ အလယ်ခေါင်မှာရှိလို့
Mediant လို့ ခေါ်ဆိုတာဖြစ်ပါတယ်...။
"C" key အနေနဲ့ ကြည့်မယ်ဆိုရင် "C" chord ဟာ
Tonic ဖြစ်ပြီး..."G" chord ဟာ Dominant chord
ဖြစ်ပါတယ်...။အဲဒီ့တော့ သူတို့ ၂ခုရဲ့ အလယ်ခေါင်က "Em" chord ဟာ...Mediant ဖြစ်သွားတာပေါ့ဗျာ...။
ဥပမာ...C D (E) F G
Medient ရဲ့ ခံစားမှုကတော့...Major key မှာဆိုရင်
Tonic ကြောင့်ဖြစ်ပေါ်လာတဲ့ တစ်စုံတစ်ရာပျော်ရွှင်မှုတစ်ခုကို ထပ်မံအားဖြည့်ပေးတဲ့တာဝန်ကို ထမ်းဆောင်ပြီး...minor key မှာကျတော့ ပူဆွေးဝမ်းနည်းမှုတစ်ခုအတွက် ပြန်လည်စမ်းစစ်သုံးသပ်မိသလို ခံစားမှုမျိုး...
ကျေကွဲမှု အမှောင်တွင်း သက်ဆင်းမိသလို ခံစားမှုမျိုးကို
ပေးစွမ်းပါတယ်...။
=========//========
Subdominant
***************
Subdominant ကတော့ Major scale တစ်ခုရဲ့
လေးခုမြောက် Degree ပါ...။
Key "C" အနေနဲ့ ပြောရင် "F" က Subdominant ပေါ့ဗျာ...။
Dominant ဖြစ်တဲ့ "G" ဟာ...Tonic ဖြစ်တဲ့ "C" ကနေစတင်ရေတွက်ရင် ၅ ခုမြောက် note ပါ...။
ဥပမာ...C D E F G ပေါ့ဗျာ...။
Subdominant ဖြစ်တဲ့ "F" ဟာ...Tonic ဖြစ်တဲ့ "C"
ကနေစတင်ရေတွက်ရင် ၄ ခုမြောက် note ပါ...။
ဥပမာ...C D E F ပေါ့ဗျာ...။
ဒါပေမယ့် Subdominant ဖြစ်တဲ့ "F" ကနေ Tonic ဖြစ်တဲ့ "C" ကို ပြန်ရေတွက်လိုက်တဲ့ အခါမှာ "C" ဟာ
၅ ခုမြောက်ပြန်ဖြစ်သွားပါတယ်...။
ဥပမာ...F G A B C ပေါ့ဗျာ...။
အဲဒီ့တော့..
Dominant ဟာ...Tonic ကနေ ၅ ခုမြောက်ဖြစ်တယ်ဆိုရင်...
Subdominant ဟာ...Tonic ကနေ ၄ ခုမြောက်ပါ...။
ဒါပေမယ့် Tonic ကို Subdominant ကနေပြန်ရေတွက်ရင် ၅ ခုမြောက်ပြန်ဖြစ်သွားတဲ့အတွက် သူဟာ
Dominant function ကိုလဲ တစိတ်တပိုင်း ထမ်းဆောင်နေပါတယ်...ဒါကြောင့် Sub-dominant လို့ခေါ်တာပါ...။ Sub ဆိုတာက "လက်အောက်ခံ"လို့ဘာသာပြန်ရမှာပေါ့...။
ကြားဖူးကြမှာပေါ့...ဆပ်ကော်မတီ (Subcomittee)
ဆိုတဲ့ ဝေါဟာရကို...လက်အောက်ခံကော်မတီလို့ ဆိုလိုတာပါ...။ ကော်မတီကြီးတစ်ခုကနေ ထပ်ဖွဲ့ထားတဲ့ လက်အောက်ခံ ကော်မတီလေးပေါ့ဗျာ...။
Subdominant ဟာ Supertonic လိုမျိုးပဲ Predominant အလုပ်ကိုလဲ လုပ်ပါသေးတယ်...။
Key "C" အနေနဲ့ဥပမာပေးရရင်...
Subdominant ဖြစ်တဲ့ "F" Chord ဟာ
Dominant Chord ဖြစ်တဲ့ "G" Chord မလာခင်...
ကြားခံ Chord အနေနဲ့ အသုံးပြုနိုင်တဲ့အတွက်
Predominant အလုပ်ကို လုပ်ဆောင်တယ်လို့ဆိုလိုတာပါ...။
Subdominant ရဲ့ ခံစားမှုရသကတော့...
မူလတည်နေရာတစ်ခုခုကနေ အဝေးတစ်နေရာကို
ရောက်ရှိသွားသလို ခံစားချက်...
ရှုပ်ထွေးမှုတစ်ခုကို ပြေလည်အောင်ဖြေရှင်းပေးမယ့်
အဆင့်တစ်ခုခုကို တက်လှမ်းချင်နေတဲ့ ခံစားမှုမျိုးကို
ပေးစွမ်းစေပါတယ်...။
ထူးခြားချက်တစ်ခုက Subdominant နောက်မှာ
Dominant လာလို့ရပေမယ့်...
Dominant နောက်မှာ Subdominant လာခဲပါတယ်
...ဘာကြောင့်လဲဆိုတော့ Tonic နဲ့ အရမ်းဝေးသွားလို့ပါ...။
ဥပမာ..."C" key မှာဆိုရင် "G" chord အနောက်မှာ "F" chord လိုက်လို့ မရဘူးလို့ ဆိုလိုတာပါခင်ဗျ...။
=======//========
Dominant
***********
Dominant ကတော့ Major scale ရဲ့ ၅ခုမြောက်
Degree ပါ...။
Dominant ဆိုတာကတော့ သြဇာတိက္ခမကြီးမားခြင်း
လို့ အဓိပ္ပါယ်ပြန်ဆိုလို့ရပါတယ် ခင်ဗျ...။
Key "C" အနေနဲ့ဆိုရင် "G" note...
Key "G" အနေနဲ့ဆိုရင် "D" note ပေါ့ဗျာ...။
Dominant ဟာ Tonic ပြီးရင် အရေးအကြီးဆုံး
Note တစ်ခုပါ...။ Tonic ဟာ သမ္မတဆိုရင်...
Diminant ဟာ ကာကွယ်ရေးဦးစီးချုပ်ပါပဲ...။
သူမပါပဲ တေးသွားတစ်ပုဒ်ရဲ့ ရသကို ဖန်တီးဖို့ သိပ်မလွယ်ကူပါဘူးခင်ဗျ...။ တေးသွားတစ်ခုရဲ့ ခံစားမှု
အမြင့်ဆုံးကို တွန်းပို့ဖို့တာဝန်...
Tonic သံကို ပြန်လည်ချယူဖို့ ကြားခံပေးတဲ့ တာဝန်...
Tonic note ကို ထပ်မံအားဖြည့်ဖို့တာဝန်တွေကို ထမ်းဆောင်ပေးတဲ့အပြင်...
တည်ငြိမ်မှု၊ အားကောင်းမှု၊ ကျန်းမာသန်စွမ်းမှု၊ မျှတမှု
စတဲ့ ခံစားမှုရသတွေကိုလဲ ပေးစွမ်းနိုင်ပါတယ်...။
========//=======
Submediant
**************
Submediant ကတော့ Major scale ရဲ့ ၆ ခုမြောက်
Degree ပါ...။
Key "C" အနေနဲ့ဆိုရင် "A" note ပေါ့...
Chord အနေနဲ့တော့ "Am" ပေါ့ဗျာ...။
Subdominant ဖြစ်တဲ့ "F" နဲ့ Tonic ဖြစ်တဲ့ "C" ရဲ့ အလယ်ခေါင်မှာရှိနေတဲ့အတွက် Submediant လို့
ခေါ်ဝေါ်တာပါ...။
ဥပမာ...F G (A) B C
အဲဒီ့လိုပေါ့ဗျာ...
​နောက်ပြီး Major key တစ်ခုရဲ့ Relative minor အနေနဲ့လည်း တာဝန်ထမ်းဆောင်ပါတယ်...။
ဥပမာ...C key ရဲ့ Relative minor key ဟာ Am ပါ
Tonic ဖြစ်တဲ့ "C" ကနေ Subdominant ဖြစ်တဲ့
"F" Chord , Supertonic ဖြစ်တဲ့ "Dm" Chord , Mediant ဖြစ်တဲ့ "Em" Chord တွေကို အကူးအပြောင်းမှာ
သံစဥ်ချောမွေ့ မှုအတွက် ပေါင်းကူး (passing note)
အဖြစ်လည်း တာဝန်ထမ်းဆောင်ပါတယ်...။
Submediant ရဲ့ ခံစားမှုရသကတော့ Major key အတွက်ဆိုရင် ပျော်ရွှင်ခြင်း ၊ ချစ်ခြင်း ၊ လှုပ်ရှားခြင်း ၊
မတည်ငြိမ်ခြင်း၊ ဆွဲဆောင်ခြင်း စတဲ့ခံစားမှုတွေကိုပေးစွမ်းနိုင်သလို...
minor key အတွက်ကျတော့ ပျောက်ဆုံးခြင်း၊ ဆုံးရှုံးခြင်း၊ ကြေကွဲခြင်း ၊ ဝမ်းနည်းခြင်း ၊ မိန်းမဆန်ခြင်း စတဲ့
ခံစားမှုမျိုးကို ပေးစွမ်းပါတယ်...။
ဒါကြောင့် အလွမ်းသံစဥ်တွေရေးသားတဲ့ အခါမှာ
Relative minor key တွေ အသုံးများကြတာပါ...။
=======//=======
Leading tone
***************
Leading tone ကတော့ Major scale ရဲ့ ၇ ခုမြောက် Degree ပါ...။
Leading tone ကိုတော့ Tonic ကိုပြန်မချမီ ခံစားမှုကို ခဏဆွဲဆန့်ထားတဲ့ tension အနေနဲ့သုံးကြပါတယ်။ Tonic ဆီကို အရမ်းပြန်သွားချင်နေအောင် Lead လုပ်နေလို့ သူ့ကို Leading tone လို့ ခေါ်တာပါ...။ "ဒို ရေ မီ ဖာ" ကို..."တီ" အထိတီးပြီး အသံဆွဲထားကြည့်ပါ။ နောက်က သူနဲ့ Half step သာကွာတော့တဲ့ high pitch "ဒို" ဆီကိုအရောက်ပြန်သွားဖို့ ဦးတည်နေတာကို တွေ့ရပါလိမ့်မယ်...။
Key "C" အနေနဲ့ ဖော်ပြရရင်တော့..."B" note ပါ...
Chord အနေနဲ့ဆိုရင်တော့ "Bdim" ပေါ့ဗျာ...။
Leading tone ဟာ Tonic ဆီကိုပြန်ချပေးဖို့ ဦးတည်ပေးတဲ့အတွက် Dominant function ကိုတစ်စိတ်တစ်ပိုင်း ထမ်းဆောင်နေတယ်လို့ ယူဆနိုင်ပါတယ်...
အဲဒါကြောင့် ဥပမာအနေနဲ့ ...
"C" key မှာဆိုရင်... "Bdim" အစား Dominant chord ဖြစ်တဲ့ "G7" ဒါမှမဟုတ် "G" chord တွေကို Leading tone အဖြစ် အသုံးပြုပြီး Tonic ဆီကို ပြန်သွားလို့ရပါတယ်...။ Tonic ဆီကို ဦးတည်တာခြင်း
အတူတူ Dominant ဟာ Leading tone ထက်စာရင် ပိုပြီး Power ကြီးတဲ့အတွက် Dominant chord
တွေ အစားထိုးသုံးလို့ရတာပါ...။
Leading tone ရဲ့ ခံစားမှုရသကတော့...
ပြင်းပြသောစိတ်ဆန္ဒ ၊ ရမက် ၊ ရှည်ကြာလွန်းသော အတိတ်ကိုလွမ်းဆွတ်တမ်းတခြင်း စတဲ့ခံစားမှုတွေကို ပေးစွမ်းတဲ့အပြင်...ပန်းတိုင်ဖြစ်တဲ့ Tonic ဆီကို ပြန်သွားချင်အောင် ဆွဲဆောင်တဲ့ ညှို့အားလဲ ရှိပါတယ်။
=======//======
ကဲ...ဒီလောက်ဆိုရင်တော့ Degree ၇ ခုရဲ့ Function တွေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို...ဗဟုသုတအနေနဲ့
ကျနော့်ရဲ့ တင်ပြဆွေးနွေးမှုအား နိတ္ထိတံ ပါရစေ ခင်ဗျာ...။
🙏...ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ
ချမ်းသာကြပါစေ...။ ။
Nay Lin Aung
============
( တတ်သလောက် မှတ်သလောက် )
 
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment